Wednesday, January 5, 2011

ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့် စေတီတော်မြတ် (သမိုင်းအကျဉ်း)


    
     ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့် စေတီတော်မြတ်
         (သမိုင်းအကျဉ်း)
ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်အရ ရခိုင်ပြည့်ရှင် သူရိယစက္ကမင်းကြီးသည် ဘုရားရှင်၏ ဦးရာဇ်တော်ဓာတ်ကိုဌာပနာ၍ သာသနာသက္ကရာဇ် ၂၂၂  ခုနှစ်တွင် တည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ဖြစ်သည်။ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သေလပိဋ္ဌိပဗ္ဗတ တောင်ထိပ်တွင် ကိန်းဝပ်တော်မူလျက်ရှိသည်။ ရခိုင်ဘုရင်အဆက်ဆက် မွမ်းမံကုသိုလ်ပြုခဲ့ကြသည်။
မင်းဖလောင်းဘုရင်သည် အဓိဋ္ဌာန်ဖြင့် အနောက်တရိုးသို့ စစ်ချီခဲ့ရာ အောင်မြင်သဖြင့် ကောဇာသက္ကရာဇ်၉၅၃ နှစ်၊ အေဒီ ၁၅၉၁ ခုနှစ်တွင် ထပ်မံတည်ထားခဲ့သည်။ စေတီ တော်မြတ်ကို တည်စဉ် မင်းကြီး၏ အဓိဋ္ဌာန်သုံးပါးဖြစ်သော ဦးရာဇ်တော်မှ
ခြောက်ပါးသောရောင်ခြည်တော်တို့ ကွန့်မြူးခြင်း၊ အလှူတော်ကာလ သမုဒ္ဒရာရေသည်ကမ်းသို့မတက်ခြင်း၊ ကျောက်သားအတိဖြစ်သော သေလပိဋ္ဌိပဗ္ဗတတောင်၌ သောက်သုံးရေကြည်ထွက်ခြင်း
စသည်တို့ ဖြစ်ပေါ်ခဲ့သည်။ ရေကြည်ထွက်သောတွင်းမှာ ယနေ့တိုင် တည်ရှိနေသည်။
စေတီတော်၏ ဉာဏ်တော် ၁၅၃ ပေ၊ လုံးပတ်တော် ၄၀၁ ပေ ရှိသည်။ စေတီတော်တွင်း ဌာပနာတိုက်ရှစ်ခန်းရှိသည်။ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့် ကကုသန် မြတ်စွာဘုရားကို အရှေ့ဘက်ဌာပနာတိုက်၊ကောဏာဂုံမြတ်စွာဘုရားကို တောင်ဘက် ဌာပနာတိုက်၊ ကဿပမြတ်စွာဘုရားကို အနောက်ဘက်ဌာပနာတိုက်၊ဂေါတမ မြတ်စွာ ဘုရားကို မြောက်ဘက်ဌာပနာတိုက်၌ ရွှေစင်သွန်းလုပ်ရည်စူး တည်ထားသည်။

ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့် စေတီတော်မြတ်
          (သမိုင်းကြောင်း)
 ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကို သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့တွင်  ရခိုင်ပြည့်ရှင် သူရိယစက္ကမင်းကြီးနှင့် မိဖုရားရုစိတာတို့ တည်ထားခဲ့ခြင်းဖြစ်သည်။ဤစေတီတော်မြတ်  တည်ထားခြင်းမှာ
လည်း မြတ်ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်အညီ တည်ထားခဲ့ခြင်းဖြစ်ပေသည်။ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၃ ခု၊ ဘီစီ ၅၄၄ ခုနှစ်တွင် ဓည၀တီ ရခိုင်ပြည်သို့
ကောင်းကင်ခရီးဖြင့်ကြွလာရာ ဓည၀တီမြို့၏ အနောက်ဘက် ကစ္ဆပနဒီဖြစ်၏ အရှေ့ဘက် သေလာဂီရိကျောက်တော်တောင်ထိပ်၌ သက်ဆင်းရပ်နားတော်မူ၏။ ထို့နောက် မြတ်စွာ ဘုရားသခင်က နောင်အခါ ဘုရားရှင်၏ဓာတ်တော်မွေတော်များ ကိန်းဝပ်စံပယ် တော် မူမည့်နေရာဒေသများကို ဗျာဒိတ်ပေးခဲ့ရာတွင် သေလာပိဋ္ဌိပဗ္ဗတ ဦးရာဇ်တော်တောင်
ထိပ်တွင် ဦးခွံတော်မှ ကြွင်းကျန်သော ဓာတ်တော်များကိန်းဝပ်ပြီး ဦးရာဇ်တော်စေတီဟု
တွင်လတ္တံ့ဟူ၍ ဗျာဒိတ်တော် မြွက်ကြားခဲ့ပေသည်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သီရိဓမ္မသောကမင်းကြီးသည် ဘုရားရှင်၏ ဓာတ်တော်များကို ရခိုင်ဘုရင် သူရိယစက္ကမင်းထံ ပင့်ဆောင်စေလေသည်။ သူရိယစက္ကမင်းနှင့် မိဖုရားရုစိတာတို့သည် သာသနာတော်နှစ် ၂၂၂ နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက် နေ့တွင် သေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်၌ နွားလားဥသဘတစ်မော့ (ခြောက်တောင်) စေတီကို တည်ထားကိုးကွယ်လေသည်။
ကောဇာသက္ကရာဇ် ၉၃၃ ခုနှစ်၊ အေဒီ ၁၅၇၁ ခုနှစ်တွင် ထီးနန်းအုပ်ချုပ်သော မင်းဗာဘုရင်မြတ်၏သားတော် ဘုရင်မင်းဖလောင်းသည် မြောက်ဦးမြို့မှ အနောက်ဘက်သို့ စစ်ချီထွက်ရာတွင် ကင်းချောင်းဝအနီး၌ စခန်းချညအိပ်ရပ်နားတော်မူ၏။ ညဦးအချိန်တွင် သေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်နှင့် သာလာမယတောင်တော်သို့  ရောင်ခြည်တော်များ ကူးယှက်ကွန့်မြူးနေသည်ကို ဘုရင်မင်းဖလောင်းသည် ဖူးမြော်လိုက်ရပေသည်။ထိုအခါ မင်းဖလောင်းသည် အနောက်တစ်ခွင် စစ်ချီရာတွင် အောင်မြင်ပါက စေတီတော်ကို အသစ်တစ်ဖန်ထပ်မံပြီး ဒါယကာခံယူပါမည်ဟု အဓိဋ္ဌာန်ပြုဆုတောင်းကာ စစ်ချီခဲ့လေသည်။ မင်းဖလောင်းသည် အဓိဋ္ဌာန်ပြုခဲ့သည့်အတိုင်း စစ်အောင်မြင်လာ၍ ကောဇာသက္ကရာဇ် ၉၄၁ ခုနှစ်တွင် သေလာပိဋ္ဌိပဗ္ဗတ တောင်ထိပ်၌ကျောက်ညိုကျောက်သားအတိဖြင့် အမြင့်သံတောင် ၁၀၀၀ (၁၅၃ ပေ)၊ လုံးပတ်တော် မင်းလံ ၈၀ (၄၀၁ ပေ) ရှိစေတီတော်ကြီးကို ပန်းရန်ကျော် ၁၀၀၀ ဖြင့် ၁၂ နှစ်တိုင် တည်ထားရာ သက္ကရာဇ် ၉၅၃ ခု၊ အေဒီ ၁၅၉၁ တွင်တည်ထားပြီးစီး ကိုးကွယ်ခဲ့သည်။ စေတီတော်ကြီးအတွင်း၌ ဘုရားရှင်၏ ဦးခွံတော်မှ ဓာတ်တော်ကို ထည့်တော်မူပြီး ဌာပနာလေသည်။
ထြို့ပင် ရွှေပြားတင်ထားသော ပိဋကတ်သုံးပုံ၊ အဂသာဝက၊ မဟာသ၀ကရဟန္တာအရှင်မြတ်တို့၏
ဓာတ်တော်များကိုလည်း ဌာပနာတိုက် သွင်းတော်မူ၏။ မိဖုရားစိုးမဲကျီ၏ သားရင်သွေးတမျှ ချစ်မြတ်နိုးလှသောပြည်တန်မျက်ရှင် ပတ္တမြားကိုလည်း စေတီတော်ကြီး အထက်ဌာပနာတိုက် တွင် ထည့်သွင်းတည်ထား ကိုးကွယ်ပူဇော်ထားသည်။ ဦးရာဇ်တော်ဓာတ်တော်မြတ်တည်ရာ ဘုရားပွဲတော်သို့ ထောင်သောင်းမက ရောက်ရှိလာကြသောရဟန်းတော်များအား များစွာသော အလှူအတန်းများပြု၏။ ပရိသတ်အပေါင်းတို့အား ထမင်းခဲဖွယ်ဘောဇဉ်အာဟာရတို့ဖြင့် ကျွေးမွေးကာ အ၀တ်အထည် ငွေတို့မှအစ လှူဒါန်း တော်မူသည်။  ဘုရားတည်ရာသို့ ရောက်လာကြသော မင်းတစ်ပါးစီအား ယာယီတဲနန်း တစ်ဆောင်ကျနှင့် ရေကန်တစ်ခုစီ တူးပေးတော်မူသည်။ ထိုသို့ ဘုရားတည်အလှူအတန်းပြုနေစဉ် ဘုရင်မင်းဖလောင်းသည် ဦးရာဇ်တော်ဓာတ်စေတီတော်တွင်ယာဘက်သို့ ရှေးရှုပြုလျက် သုံးပါးသော ဓိဋ္ဌာန်ခြင်းကို ပြုလေသည်။
(က) အကယ်မလွဲသဖြင့် အလောင်းတော်တကာတို့၏ ဖြည့်စရိုးဖြစ်သော ပါရီဆယ်ပါးကို
ဖြည့်စွမ်းနိုင်သည်ဖြစ်၍ သဗ္ဗညုတဆုပြည့်ပြီးဖြစ်ငြားအံ့၊ ရှင်နှစ်ဘုရားသည် ခြောက်ပါးသော
ရောင်ခြည်တော်တို့ ပြပါစေသတည်း။
(ခ) သဗ္ဗညုဘုရားသို့ တက်ရာလမ်းဖြစ်သော ဤပင်လယ်ကမ်းနား၌ နံနက်မိုးလင်းလျှင် ရေပြည့်စရိုး
ဖြစ်ငြားသော်လည်း အလှူတော်မပြီးသည့်စပ်ကြားဝယ် သမုဒ္ဒရာရေသည် ကမ်းသို့မလွှမ်းဘဲ
ဆုတ်ပြန်စေသတည်း။
(ဂ) ဤကျောက်သားအတိပြီးသော သေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်တွင်လည်း အလှူတော်မပြီးသည့်
ကာလတွင် ဘုရားလုပ်သူ၊ ဆောင်ရွက်ကြသူတို့ သောက်သုံးရအောင် ရေကြည်မြစက်
ထွက်စေသတည်း။
ထိုသို့ အဓိဋ္ဌာန်နှင့် ဆုတော်ပန်လေလျှင် မြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်မျှ Aိုးထိန်းစက်ကဲ့သို့ လှုပ်ခါလျက်ကောင်းချီးသြဘာပေးလေသည်။ စေတီတော်အတွင်းမှ ဦးရာဇ်တော် ဓာတ်တော်သည် ကောင်းကင်သို့တက်ကာခြောက်ပါးသောရောင်ခြည်တော်တို့သည် တဖျိုးဖျိုးတဖျပ်ဖျပ် အလင်းဓာတ်ဆောင်ကာ ပြတော်မူလေသည်။ကမ်းထက်သို့ လွမ်းလေ့ရှိသော သမုဒ္ဒရာရေသည် ကမ်းသို့မှလျှံဘဲ ရပ်တန့်နေလေသည်။ ကျောက်အတိဖြစ်သောသေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်သည်လည်း နှစ်မြောင်းကွဲလျက် မြစက်ရေကြည် ထွက်တော်မူသည်။ မင်းကြီးသည်မြစက်ရေကြည် ထွက်သောတွင်းကို ကျောက်တွင်းအဖြစ်ကာရံစေပြီး ခိုင်ခံ့စွာပြုလုပ်စီမံထားလေသည်။
နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်သော်လည်း မြစက်ရေကြည်ထွက်ခဲ့သောတွင်းမှာ ယခုတိုင် ခိုင်ခံ့စွာတည်ရှိနေဆဲဖြစ်သည်။
စေတီတော်တွင်း ဌာပနာတိုက်ရှစ်ခန်း တည်ဆောက်ထားသည်။ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့် ကကုသန်မြတ်စွာဘုရားကို အရှေ့ဘက်ဌာပနာတိုက်၌လည်းကောင်း၊ ကောဏာဂုံမြတ်စွာဘုရားကိုတောင်ဘက်ဌာပနာတိုက်၌လည်းကောင်း၊ကဿပမြတ်စွာဘုရားကို အနောက်ဘက်ဌာပနာတိုက်၌ လည်းကောင်း၊ဂေါတမမြတ်စွာဘုရားကို မြောက်ဘက် ဌာပနာတိုက်၌လည်းကောင်း ရွှေစင်သွန်းလုပ်ရည်စူး၍ တည်ထားကိုးကွယ်လျက် ရှိသည်။
(မြတ်မင်းလှိုင် ပြုစုပြီး စိုးမြင့် ဘာသာပြန်သည့် ရခိုင်ပြည်နယ်ဝတီလေးရပ်ရှိရှေးဟောင်းစေတီပုထိုးများ စာအုပ်မှ
ကူးယူဖော်ပြပါသည်။)

အေးမောင်စိန်
ဦးရာဇ်မြေ

No comments:

Post a Comment